Tuesday, August 23, 2011
ကျောင်းသားဘဝ အမှတ်တရများ
တကယ်တော့ကျွန်တော်က စာရေးတာဝါသနာပါတာရယ်မဟုတ် ( အဲလိုလဲမဟုတ်ပြန်ဘူး) ပြောရမယ်ဆိုရင်
ကျောင်းတုန်းက စာစီစာကုံး ရေးဖို့ ကိုတောင်မှ စိတ်ပျက်မိတဲ့ ကျွန်တော်ပါ။
စာရေးတာတော့ရေးတယ်။ ဒါပေမယ့် ဘယ်တော့မှလိုရင်းမရောက်လို့  မရေးတာ။အဓိကရေးဖြစ်တာကတော့
စိတ်ထဲပေါ်လာတာ ဟိုတစ်ကြောင်း ဒီတစ်ကြောင်းပေါ့။ အဲဒါကိုပဲ ကဗျာလို့ သတ်မှတ်ချင်တာကို ကိုယ်တိုင်ပဲ
ကဗျာလိုက်တာပါ။ ဘယ်သူ့ ဘလော့မှာမှ မတွေ့ ဖူးတဲ့  ကဗျာလိုလိုဘာလိုလို ဆိုတဲ့ ခေါင်းစဉ်ကိုတွေ့ ရင်
သိကြမှာပါ။
တကယ်ပါ ကျွန်တော် ခုဆိုရင် ဘလော့ထဲမှာ စိတ်ကူးပေါက်တာတွေ ရေးလာတာ ၁၇-၄-၂၀၁၀ကတည်း
ကပါ။ တခြားဘလော့တွေသွားပြီး စာတွေဖတ်တယ်။ တကယ်လဲအားကျမိပါတယ်။ ဒါပေမယ့် အဲဒီလိုမရေး
တတ်ဘူး။ တစ်ခါတစ်လေ အရမ်းရေးချင်တယ်။ စာဖတ်သူစိတ်ထဲ ထင်းကနဲပေါ်လွင်အောင်ပေါ့။
ကျွန်တော့် မှာအဲလိုစိတ်ကူးစိတ်သန်း အရမ်းညံ့ပါတယ်။
ခုကျွန်တော် ရေးချင်တာက ကျွန်တော့်ရဲ့  ကျောင်းသားဘဝ အမှတ်တရ တစ်ချို့ ကို ရေးချင်တာ။
ကျွန်တော့် ကို အမေက ကျောင်းစအပ်တုန်းကပေါ့ (အဲဒီကစမှာ)
ကျွန်တော့် မှာ အသက်က ၄နှစ်ခွဲတည်းရယ်။ ရွာမှာကျောင်းအပ်ခံတာက အသက် ၅ နှစ်ပြည့်မှ အမေက
ကျွန်တော့်ကို စာတတ်ပေတတ်ကြီးဖြစ်စေချင်တာနေမှာ သားကြီးဆိုတော့လေ။ အဲဒီမှာ အသက် ၄နှစ်ခွဲကို
တစ်ဝက်တိုးကာ ၅နှစ်ဆိုပြီး ဖောင်ဖြည့်ကာရယ် ကျောင်းနေစေခဲ့ တာ။
ကျောင်းစတက်တဲ့ နေ့  အမေကကျောင်းကိုလိုက်ပို့ ပြီးဆရာမတွေနဲ့  သေချာအပ်တယ်။ မှတ်မိနေသေးတယ်
အမေလဲပြန်ရော ခပ်တည်တည်နဲ့ နေပြီး မကြာပါဘူး ဆရာမအလစ်မှာ အိမ်ကိုခိုးပြန်တာ အမေကတောင်
အိမ်မရောက်သေးဘူး ကျွန်တော်ကအိမ်ရောက်နှင့်နေပြီ။
အဲလိုနဲ့  တစ်ပတ်လောက်အကြာမှာ ကျောင်းမှာစပြီး ပြသနာတက်ပါလေရော။ ဖြစ်ပုံက ကျွန်တော်က
စားထားတာတွေများပြီး အလေးသွားချင်းနေတာ ကျောင်းကဆရာမကလဲ စာသင်နေတာမပြီးတော့ဘူး
အဲဒီဆရာမကိုလဲ ကြောက်တာပါတယ်။ ဗိုက်ထဲက တဂွီဂွီနဲ့ မြည်နေပြီ ဆရာမကို ကြောက်တဲ့ စိတ်နဲ့
ကိုယ့်ရဲ့  ဒုက္ခအိုးကြီးကြီးကို ဖုံးဖိထားတဲ့ စိတ် ဒွန်တွဲလွန်ဆွဲနေရာကကျွန်တော့်ဒုက္ခအိုးကြီး ပေါက်ကွဲပါလေရော
ဘေးကတစ်ယောက်ကနှာခေါင်းရှုပ်တယ် ပြီးတော့နောက်တစ်ယောက် ပြီးတော့ ပြီးတော့ ပြီးတော့..........
ဆရာမပါသိသွားတော့တာ အဲဒီမှာဆရာမက သန့် စင်ခန်းရှိရာကို အမြန်ပြေးခိုင်းတာ နဂိုကတည်းက
ပေါက်နေတဲ့ ဘရိတ် ဆရာမက ပြေးခိုင်းတော့ ပိုဆိုးပြီပေါ့။ အဲဒီနေ့  မနက် ၁၁ နာရီတည်းကအိမ်ပြန်
လာခဲ့ ရတယ်။ အဲဒီကတည်းက မူလတန်းကျောင်းမှာ ကျောင်းအုပ်ကြီးကအစ တစ်ကျောင်းလုံး ကျွန်တော့်
ကို မသိတဲ့ သူမရှိတော့ဘူး။ရှက်လိုက်တာ.............................(အဲလိုနာမည်ကြီးတာ :-) )
အဲဒီကျွန်တော်တက်ခဲ့ တဲ့  မူလတန်းကျောင်းလေးက အရမ်းကိုကဗျာဆန်တယ်။ ပန်ချီဆရာတစ်ယောက်ရဲ့ 
စုတ်ချက်တွေအောက်မှာဆို အရမ်းကို လွမ်းဆွတ်ဖွယ်ကောင်းတယ်။ ကျွန်တော် ပန်ချီဆွဲတာ ဝါသနာပါတယ်
သို့ ပေမယ့် ဘာကိုမှထိထိရောက်ရောက် မဟုတ်တဲ့  ကျွန်တော့်ရဲ့  အားနည်းချက်ကြောင့်ပဲထင်ပါတယ်။
ပြန်ဆွဲပြမတတ်ဘူး။ ကျွန်တော်ပြောတာကိုသာ ပုံဖေါ်ကြည့်စေလိုပါတယ်။
အရှေ့ ဘက်က ကုလားမတောင်တန်းကြီး တောင်ခြေဆင်းအဆုံးမှာ လယ်ကွင်းအချို့  အလယ်မှာ သထုံ မုတ္တမ
အဝေးပြေးလမ်းမကြီး အဲဒီလမ်းမကြီးဘေးက ကျွန်တော်တို့ ရဲ့ ကျောင်း ကျောင်းပတ်လည်မှာ လယ်ကွင်းတွေ
ချည်းပဲ။ ကားလမ်း တစ်ဖက်တစိချက်စီမှာ ထန်းပင်တန်းကြီးတွေရှိတယ်။ မိုးအကုန်ဆောင်းအကူးဆိုရင်
ကျွန်တော်တို့ဘက်မှာ အရှေ့ လေကျတယ်ဆိုတာရှိတယ်။ ကုလားမတောင်တန်းပေါ်က ခုန်ဆင်းလာတဲ့ လေ
အဲဒီလေကျရင် ကျောင်းသွားတဲ့ ကျွန်တော်အဖို့ မှာ ပျော်လဲပျော်တယ် ကြေက်စရာလဲကောင်းတယ်။ လေတွေက
တဝူးဝူးနဲ့  ကျောင်းခန်းတွေအကုန်လုံး တံခါးတွေပိတ်ပြီး ခပ်မှောင်မှောင်မှာ စာသင်ရတာ။
အဲဒီမူလတန်းကျောင်းတုန်းကတော့ ကလေးတွေပီပီ ကျောင်းပြန်ရင် လယ်ဂဏန်းတွေနိုက် ငါးတွေဖမ်း ရွံ့ တုံး
တွေနဲ့ ပေါက်တမ်း ကစားခဲ့ ကြတာပေါ့။ အကျီအဖြူက ငယ်ငယ်ကတည်းက ဖြူတုန်းခနပါပဲ။ မိုးတွင်းဆိုရင်တော
ကျွန်တော်တို့ ကျောင်းလေးက ဘေးပတ်လည်ရေတွေ ဝိုင်းနေလေရဲ့ ။ ကားလမ်းရေကျော်တာ နှစ်တိုင်းဒူးဆစ်
လောက်ရောက်စမြဲ ။ အဲလိုအချိန်တွေဆိုရင်တော့ ရေးကူပြီး ငါးလေးတွေလျှောက်ဖမ်း တစ်ကိုယ်လုံးစိုရင်
အကြောင်းပြပြီးအိမ်ပြန်ခဲ့ရတာလဲ အမှတ်တရအချို့ ပါပဲ ။
ကျွန်တော်က ငယ်ငယ်တုန်းက တော်တဲ့ စားရင်းထဲ မပါသလို ညံ့တဲ့ စားရင်းထဲလဲမပါခဲ့ဘူး။ ရိုးရိုးလေးပဲဖြတ်
သန်းခဲ့ တာပါ။ ကြိုးစားတုန်တော့ ခနပဲ သိသွားရင် ဆက်မလုပ်တော့ဘူး။ အဲဒါကြောင့် အမေက အမြဲပြော
တယ်။ ( ရေတက်ငါးစင်ရိုင်း တဲ့ )
(ဆက်ရန်)
Subscribe to:
Post Comments (Atom)
4 comments:
ဖတ်လို့ ကောင်းနေတုန်း ဆက်ရန်တဲ့... ဒါဆိုလည်း စောင့်ရန်ပေါ့... :P
ကျနော်လဲတူတူပဲ ဖြိုးရေ..ငယ်ငယ်တုန်းက ကျောင်းအပြန် တွေ့သမျှ ရေအိုင်ထဲဆင်းဆော့..အိမ်ပြန်ရောက်ရင် လွယ်အိတ်ချွတ်ပြီး ဘော်ဘော်တွေနဲ့ ဆော့....ပျော်စရာကြီးဗျာ..
ပြန်လိုချင်မိတယ်..
ရေးတတ်ပါတယ်လေ ကွင်းကနဲ ကွက်ကနဲမြင်အောင် ဘရိတ်ပေါက်ပြီး သန့်စင်ခန်းပြေးတဲ့နေရာလေး ဟိ။
စကားမစပ် အစ်မ ဘလော့လေးကိုလဲ ဒီလိုလှတပတလေး ပြင်ချင်လိုက်တာ :)
ရေတက်ငါးစင်ရိုင်းရေ...အခုတော့လည်း ရေနက်ငါးစင်ရိုင်းဖြစ်ရောပေါ့...ဆက်ရေးစမ်းပါဦး...ဖတ်ရင်းကနေ ဦးဟန်ကြည်တောင် အသက် ၃၀၀၀ ပြန်ငယ်သွားတယ်...
Post a Comment